စူးစမ်းလေ့လာ သွားချင်စရာ (၆) ပင်လယ်နှင့် ပင်လယ်အော်တို့ဆုံစည်းရာ – မော်တင်စွန်း (Maw Tin Soon)

စူးစမ်းလေ့လာ သွားချင်စရာ (၆)

ပင်လယ်နှင့် ပင်လယ်အော်တို့ဆုံစည်းရာ – မော်တင်စွန်း (Maw Tin Soon)

 

         မြန်မာပြည် ဘုရားဖူးခရီးစဉ်များတွင် ထင်ရှားသော ခရီးစဉ်တစ်ခုမှာ မော်တင်စွန်းဘုရားဖူးခရီးစဉ်ဖြစ်ပြီး ဘုရားဖူးရင်း ကမ်းခြေတွင် ရေလည်းကူး ရသော ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်ပါသည်။ မော်တင်စွန်းဘုရားဖူး ခရီးစဉ်သည် ရှေးဟောင်း တန်ခိုးကြီးစေတီကို ဖူးမျှော်ရခြင်း၊ နတ်၊ နဂါးယုံကြည်သူများအတွက် နဂါးစာကျွေး ဆုတောင်းနိုင်ခြင်း နှင့် ပင်လယ်ကမ်းခြေတွင် ရေကစားနိုင်ခြင်း တို့ကြောင့် ကုသိုလ်လည်းရ ပျော်လည်းပျော်ရသော ခရီးစဉ်ကောင်းတစ်ခုဖြစ်ပါသည်။ ဘုရားပွဲတော် ကာလတွင် အဆိုတော် သန်းထွန်းလေး၏ ကျွန်တော့်မမပုသိမ်သူ သီချင်းနားထောင်၍ နှစ်ထပ်သင်္ဘောများစီးပြီး ဘုရားဖူးသွားရခြင်းသည်ပင် အခြားခရီးစဉ်များနှင့်မတူသော ထူးခြားစိတ်လှုပ်ရှားစရာ ခရီးစဉ် တစ်ခုဖြစ်ပါသည်။

        မော်တင်စွန်းအငူသည် ကပ္ပလီပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော် ထိစပ်နေသော နေရာဖြစ်ပြီး မြန်မာနိုင်ငံ အနောက်တောင် အစွန်း၊ ဧရာဝတီတိုင်း၊ ငပုတော မြို့နယ်တွင်တည်ရှိပါသည်။ မော်တင်အငူ ကို အစွဲပြု ၍ မော်တင်စွန်း ဟုခေါ်ဆိုခြင်းဖြစ်ပြီး မော်တင်စွန်းဘုရား (သို့) Cape Negaris ဟုလည်း ခေါ်ဆိုကြပါသည်။ မော်တင်စွန်းသည် ပင်လယ်နှင့် ပင်လယ်အော်ထိစပ်ရာဖြစ်ပြီး အရေးပါသော ရေကြောင်းသွားလာရေးအမှတ်အသား နှင့် ပထဝီ အနေအထားအချက်အချာ ကျမှုကြောင့်ထင်ရှားပါသည်။ ထို့ပြင် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက်လည်း မော်တင်အငူပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်မှာ ဆံတော်စစ်ကိန်းဝပ်ဌာပနာထားရာ ထင်ရှားသော ဘုရားဖူးခရီးစဉ် တစ်ခု ဖြစ်လျက်ရှိပါသည်။

       ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးများက မြတ်မော်တင်စွန်းဘုရားဟု ခေါ်ဆိုသော စေတီမှာ အလွန်ရှေးကျသော စေတီဖြစ်ပြီး ရန်ကုန်မြို့မှ ရွှေတိဂုံဘုရား သမိုင်းနှင့်လည်း ဆက်စပ်လျက် ရှိပါသည်။ မြန်မာများသည် ထိုစေတီနှစ်ဆူကို လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်ကတည်းက တစ်ချိန်တည်း တည်ထားကိုးကွယ်ခဲ့သည်ဟု ယုံကြည်လျက်ရှိပြီး ကုန်သည်ညီနောင် နှစ်ဦးမှ ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့ရာဟုလည်း ယုံကြည်ကြပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြန်မာပြည် အနှံ့အပြားမှ ဘုရားဖူးများ လာရောက်ဖူးမျှော်ကြပါသည်။

မြတ်မော်တင်စွန်းစေတီ

မြတ်မော်တင်စွန်းစေတီ

မော်တင်စွန်းရှိ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီနှင့် အထင်မှားတတ်သော စေတီတစ်ဆူ မှာ ပင်လယ်ထဲသို့ ထိုးထွက်နေသော ကျောက်ဆောင်များပေါ်တွင်တည်ထားသော ဖောင်တော်ဆိုက် စေတီ ဖြစ်ပြီး ဘုရားဖူးလာရောက်သူ အပေါင်းကို စွဲဆောင်မှုရှိသော စေတီတစ်ဆူဖြစ်ပါသည်။ စက်ဝိုင်း ပုံ စေတီ ပရ၀ဏ်ပေါ်မှ ကပ္ပလီပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော် ကို မြင်ရသော မြင်ကွင်း နှင့် လတ်ဆတ်သော ပင်လယ်လေ တဝ​ကြီး ရှုရခြင်းသည်လည်း ခရီးသွားများအတွက် တစ်သက်သာ စွဲမက်ဖွယ် ပင်လယ်ပြင်ရှုခင်း နှင့် စိတ်ကြည်လင်လန်းဆန်းစေသော ခံစားမှုလည်းဖြစ်ပါသည်။ ရေတက်ချိန်တွင် ထိုစေတီသို့ သွားသော ကွန်ကရစ်လမ်းလေးမှာ ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားတတ်ပါသည်။

ဖောင်တော်ဆိုက် စေတီ

ဖောင်တော်ဆိုက် စေတီ

ဖောင်တော်ဆိုက် စေတီ

ဖောင်တော်ဆိုက် စေတီ

          မော်တင်စွန်းအနီးရှိသွားရောက်လည်ပတ်သင့်သော ထင်ရှားသည့်နေရာတစ်ခုမှာ နာဂရစ်ကျွန်းဟု ခေါ်ဆိုသော ဟိုင်းကြီးကျွန်းပဲဖြစ်ပါသည်။ ထိုကျွန်းသို့ ၂၀၁၄ ခုနှစ်မတိုင်မီက ရေလမ်းခရီးဖြင့်သာ သွားရောက်နိုင်ပြီး ယခုအခါ မော်တင်စွန်းမှ ကားဖြင့် မိနစ် ၂၀ ခန့်ဖြင့်လည်းကောင်း လှေဖြင့် ၁ နာရီခန့်ဖြင့်လည်း ကောင်း သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါသည်။ ဟိုင်းကြီးကျွန်းကို ၁၉၈၉ ခုနှစ်တွင် မြို့အဖြစ် စတင်ဖွဲ့စည်း ခဲ့ပြီး ရေတပ်စခန်းဌာနချုပ်တစ်ခုလည်း ဖွင့်လှစ်ထားပါသည်။ ဟိုင်းကြီးကျွန်းသည် ကပ္ပလီပင်လယ် နှင့်   ဘင်္ဂလားပင်လယ်အော် သို့ အတားအဆီးမရှိ အချိန်မရွေး ဝင်/ထွက်နိုင်ခြင်း၊ အနောက်တောင် မုတ်သုံလေ တိုက်ခိုက်ချိန်တွင် လုံခြုံစိတ်ချရခြင်းကြောင့် ၁၇ ရာစုခန့်တွင် ထင်ရှားအရေးပါသော ဆိပ်ကမ်းဖြစ်ခဲ့ပါသည်။ ထို့ကြောင့်လည်း ဟိုင်းကြီးကျွန်းနှင့်ပတ်သက်၍ မြန်မာ နှင့် အနောက်နိုင်ငံများ အကြားတွင် ရှည်လျှား စိတ်ဝင် စားစရာကောင်းသော သမိုင်းကြောင်းရှိခဲ့ပါသည်။

သမိုင်းကြောင်း အကျဉ်းချုပ်မှာ-

– ၁၆၈၇ ခုနှစ်တွင် မတ်ဒရက် အစိုးရမှ ကျွန်းပေါ်တွင် အခြေချခြင်း

– ၁၇၅၁ ခုနှစ်တွင် ကိုလိုနီ အင်္ဂလိပ်တို့မှ ထပ်မံသိမ်းပိုက်၍ ကုန်တိုက်ဖွင့်လှစ်ခြင်း

     – ၁၇၅၇ ခုနှစ်တွင် တတိယမြန်မာနိုင်ငံကို တည်ထောင်သူ အလောင်းဘုရားမှ ပြန်လည်သိမ်းပိုက်ခဲ့ပြီးကုန်တိုက်ဖွင့်လှစ်ခွင့်အား ဆက်လက်ခွင့်ပြုပေးခဲ့ပါသည်။

     – ၁၇၅၉ တွင် မြန်မာပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှုကြောင့် အလောင်းဘုရားမှ အခြေချသူ  အားလုံးကို ပြန်လည် တိုက်ထုတ်မောင်းထုတ်ခဲ့ပါသည်။

ဟိုင်းကြီးမြို့အဝင်

ဟိုင်းကြီးမြို့ ကျက်သရေဆောင် ကျိုက်တီစေတီ

ခရီးသွားများ မော်တင်စွန်းရောက်ပါက မလွတ်တန်းသွားရောက်လည်ပတ်သင့်သော နေရာနှစ်ခုမှာ ငွေတောင်ကမ်းခြေနှင့် ဟိုင်းကြီးကျွန်းတစ်ဘက်ကမ်းရှိ ထိပ်စွန်း (Purian Point ) တို့ပဲဖြစ်ပါသည်။ ငွေတောင်ကမ်းခြေသည် ပင်လယ်မျက်နှာပြင် ညီညာပြန့်ပြူးမှု၊ လှိုင်းလုံးကြီး၍ ပင်လယ်လှိုင်းစီးရန်ကောင်းမွန်မှုရှိခြင်း၊ အဓိက အားသာချက်တစ်ခုမှာ ပင်လယ်ရေစီးကြောင်းနှင့် လှိုင်းပုတ်ခတ်မှုသည် ရေကစားသူများကို ကမ်းဘက်သို့သာ ရောက်ရှိစေခြင်းဖြင့် လုံခြုံစိတ်ချရပြီး ရေကစားသူများ အကြိုက်တွေ့စေမည့် ကမ်းခြေဖြစ်ပါသည်။ ထိပ်စွန်းပွိုင့်ရှိ ကျောက်မှိုပွင့် များသည် လည်း ရောက်ဖူးသူတိုင်း နှစ်သက်သည့် မြင်ကွင်းတစ်ခုဖြစ်ပြီး အမိမြေမှ သားကောင်းများ ရုပ်ရှင်ကားကြီးတွင် ထင်ရှားသော ရိုက်ကွင်း၊ ရိုက်ကွက်များဖြစ်ခဲ့ရပါသည်။

ငွေတောင်ကမ်းခြေ

ငွေတောင်ကမ်းခြေ

ငွေတောင်ကမ်းခြေ

မော်တင်စွန်းသို့သွားရောက်နိုင်သော လမ်းကြောင်းများ

        ဘုရားပွဲကာလတွင် ရန်ကုန်မှ မော်တင်စွန်းသို့ တိုက်ရိုက်ပြေးဆွဲသော ကားလိုင်းများရှိပါသည်။ ကံထူးအောင်၊ မြတ်မိခင် နှင့် ယူနီဗာဆယ်ယာဉ်လိုင်းများသည် နေ့စဉ် ဒဂုံဧရာအဝေးပြေးကွင်းမှ ည ၀၇:၃၀ နှင့် ၀၈:၀၀ များတွင်ထွက်ခွာပြီး မော်တင်စွန်းဘုရားအနီးသို့ မနက် ၀၆:၀၀ နှင့် ၀၇:၀၀ များတွင်ရောက်ရှိပါသည်။ မော်တင်စွန်းဘုရားမှလည်း ညနေတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါသည်။ ထို့ပြင် ပုသိမ်မှ မော်တင်စွန်းသို့လည်း တိုက်ရိုက်ပြေးဆွဲသော မြတ်ဇင်ယော် နှင့် မြို့မ ကားလိုင်းများရှိပြီး ပုသိမ်မှ မနက် ၁၁:၃၀ တွင်ထွက်ခွာ၍ မော်တင်စွန်းသို့ ညနေ ၅ နာရီခန့်တွင်ရောက်ရှိပါသည်။ မော်တင်စွန်းမှ မနက် ၀၅:၀၀ ခန့်တွင်ပြန်လည်ထွက်ခွာပါသည်။ ကားလမ်းအပြင် ပုသိမ်မှ မော်တင်စွန်းသို့လည်း ရှပ်ပြေး နှစ်ထပ်ရေယာဉ်ဖြင့်လည်းသွားရောက်နိုင်ပါသေးသည်။ ပုသိမ်မြို့မှ နံနက် ( ၁၀ ) နာရီ ၊ ညနေ ( ၆ ) နာရီ ၊ ည ( ၈ ) နာရီ ထွက်ခွာ ပေးလျက် ရှိပြီး ခမောက်မော် ဆိပ်ကမ်း မှ ပုသိမ်မြို့သို့ နံနက် ( ၁၀ ) နာရီ ၊ ညနေ ( ၅ ) နာရီည ( ၇ ) နာရီ များတွင်ပြန်လည်ထွက်ခွာပါသည်။ ခမောက်မော်ဆိပ်ကမ်းမှ မော်တင်စွန်းသို့ ဆိုင်ကယ် သို့ ကား ကြိုပို့ယာဉ်များဖြင့် မိနစ် ၂၀ ခန့် ထပ်မံသွားရောက်ရပါသည်။

       ရန်ကုန်မှ (သို့) ပုသိမ်မှ မော်တင်စွန်းဘုရားရင်ပြင်ထိ နှင့် ဟိုင်းကြီးကျွန်းများသို့ ကိုယ်ပိုင်ကားငယ်လေးများဖြင့်လည်း သွားရောက်နိုင်ပါသည်။ ကားလမ်းကောင်းမွန်သော်လည်း ရိုးမတလျောက်ဖောက်လုပ်ထားခြင်းကြောင့် အကွေ့အကောက်၊ တောင်တက်တောင်ဆင်း များပါသည်။ ခရီးအကွာအဝေး ၉၅ မိုင်ခန့်ရှိပြီး ကီလိုမီတာ ၄၀နှုန်း ခန့်ပုံမှန်မောင်းလာပါက ပုသိမ်မှ မော်တင်စွန်း အထိ ၄ နာရီခန့်ကြာပါသည်။ မဏ္ဍပ် (သို့) သလပ်ခွာ၊ ငရုပ်ကောင်းတောင် များတွင် တစ်ထောက်စီနား၍ ပတ်ဝန်းကျင်ရှုခင်းကို ကြည့်ကာ မောင်းလာမည်ဆိုပါက ပျော်ရွှင်စရာ ခရီးစဉ်တစ်ခုဖြစ်မည်ဟု ယုံကြည်ပါသည်။

ပုသိမ် – မော်တင်စွန်းလမ်းတစ်နေရာ

ပုသိမ် – မော်တင်စွန်းလမ်းတစ်နေရာ

တည်းခိုရန်နေရာများ

       မော်တင်စွန်းအနီးတဝိုက် ဘုရား အနီး (သို့) ကမ်းခြေ တွင် ဟိုတယ်၊ ဧည့်ရိပ်မွန်များ များစွာရှိပါသည်။ မော်တင်ဟိုတယ်၊ Silence Resort ၊ Papawady Resort (ပပ၀တီဧည့်ရိပ်မွန်) ၊ ပဒေသာ၊ ထက် ၊ စံရိပ်ငြိမ် ၊ ဂမုန်းပွင့် ၊ ရွှေပင်လယ်ကမ်းခြေ ဧည့်ရိပ်မွန် ၊ လရိပ်ညိုညို၊ လမင်းသာ စသည်ဖြင့် Aircon ခန်း၊ ပန်ကာခန်း ၊ ရိုးရိုးခန်း ရွေးချယ်စရာပေါများလှပါသည်။ မော်တင်စွန်းစေတီ သို့ ၄မိနစ်ခန့်လမ်းလျှောက်ပါက ရောက်ရှိနိုင်သော တောင်ကုန်းလေးပေါ်ရှိ Pagoda View ကောင်းမွန်သော ပပ၀တီဧည့်ရိပ်မွန်မှာ စာရေးသူတို့ဖွင့်လှစ်ထားသော ဧည့်ရိပ်မွန်ဖြစ်ပြီး ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ဖွင့်လှစ်သည့် ဧည့်ရိပ်မွန်အသစ်ဖြစ်ပါသည်။ ရေချိုးခန်း ၊ အိမ်သာ တွဲလျက်ဖြစ်ပြီး နှစ်ယောက်ခန်း ၊ သုံးယောက်ခန်း Aircon ခန်းနှင့် ပန်ကာခန်းများ ရှိပါသည်။

       မော်တင်စွန်း ဘုရားဖူးလာမည်ဆိုပါက ပပ၀တီ ဧည့်ရိပ်မွန်မှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုလျက်ရှိပါကြောင်း ဤဆောင်းပါးဖြင့်ပင်သတင်းစကားပါးအပ်ပါသည်။

ဖူးမျှော်စေချင်သည် ဆုတောင်းပြည့် မြတ်မော်တင်စေတီကို

       မြတ်မော်တင်ဘုရားသည် တန်ခိုးကြီးဆုတောင်းပြည့်စေတီ တစ်ဆူပါ။ စာရေးသူကိုယ်တိုင် ၃ ကြိမ်တိုင်တိုင် ထူထူးခြားခြားဆုတောင်းပြည့်ခဲ့ဖူးပါသည်။ ထို့ကြောင့်ဘုရားဖူးလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါသည်။ မော်တင်စွန်းဘုရားပွဲကို တပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိပါသည်။ မော်တင်စွန်းစေတီတော်သည် မြန်မာနိုင်ငံတွင် ရွှေတိဂုံဘုရားနှင့်အတူ အစောဆုံးတည်သော စေတီဖြစ်ခြင်း၊ အံ့ဖွယ် (၁၈) ပါးရှိနေခြင်း၊ မြန်မာပြည်၏ အနောက်တောင်အစွန်းတွင်တည်ရှိနေခြင်း၊ ပင်လယ် နှစ်ခု အစပ်တွင်တည်ရှိနေခြင်း၊ နတ်၊နဂါး တို့နှင့်ပတ်သက်သည့် ဒဏ္ဍာရီ တည်ရှိနေခြင်း၊ ပင်လယ်လှိုင်းစီးရန် ကမ်းခြေကောင်းရှိခြင်းတို့ကြောင့် မြန်မာ ခရီးသွားများအား နှစ်စဉ်ဆွဲဆောင်မှုရှိသောခရီးစဉ်ဖြစ်လျက်ရှိပါသည်။

       ပပဝတီ ဧည့်ရိပ်မွန်မှ မော်တင်စွန်းဘုရာ: ပွဲတော်ကြီးကို ဘုရားလည်းဖူး၊ အပန်းလည်းဖြေရင်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

AT(Papawady Resort – Maw Tin Soon) (New Autumn Travels & Tours)

အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

https://attractiveforexpeditionarytrips.blogspot.com/

https://www.newautumntours.com