စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၂) ရွှေစက်တော် – မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည် ခရီးစဉ်

စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ – နေပြည်တော် – မကွေး – မင်းဘူး – ငဖဲ – ရွှေစက်တော် – မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည် – ငပလီ – ပုသိမ် – မော်တင်စွန်း ခရီးစဉ်
အပိုင်း(၂)

ဗိဿနိုးမြို့ဟောင်း

Day 5 မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည်
ရွှေစက်တော်က အပြန်တော့ ပုသိမ်-မုံရွာလမ်း မှ တဆင့် မင်းဘူးသို့ ပြန်ခဲ့ပါသည်။ ရွှေစက်တော် မှ ထွက် တာ နောက်ကျလို့ မင်းဘူးရောက်တော့ ထမင်းစားချိန်ရောက်နေပါပြီ။ နေ့လယ်စာကို မင်းဘူးက ဂျွိုင်းထမင်းဆိုင် မှာစားဖြစ်ပါသည်။ ထမင်းဆိုင်က ကျယ်ဝန်းသန့်ရှင်းပြီး စျေးသင့်ပါသည်။ အရသာလည်းကောင်းပါသည်။ မင်းဘူး စျေး နှင့်လည်း နီးတာနှင့် ကြက်သွန်နီ သွားဝယ်လိုက်သေးတယ်။ မကွေးတိုင်းက ကြက်သွန်နီ ကနာမည်ကြီးပဲလေ။

မင်းလှခံတပ်

မင်းလှခံတပ်မြင်ကွင်း

မင်းလှခံတပ် အတွင်းပိုင်းမြင်ကွင်း

မင်းဘူးက နေ မင်းလှကို ၄၅ မိနစ်ခန့်သာ မောင်းခဲ့ရပါသည်။ ခံတပ်ကြီးလမ်းအတိုင်း ဝင်သွားလိုက်ရုံဖြင့် ဧရာ၀တီမြစ် အနောက်ဘက်ကမ်းဘေးက မင်းလှခံတပ်ကို ရောက်ရှိနိုင်ပါသည်။ မင်းလှခံတပ်ကို ခရစ်နှစ် ၁၈၆၀-၆၁ ခုနှစ်တွင် မင်းတုန်းမင်း၏ ညီတော် ကနောင်မင်းသား၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြင်သစ်နှင့် အီတာလျှံ လူမျိုး အင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်းဆောက်လုပ်ခဲ့ကြပါသည်။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် မင်းထင်မင်းလှရဲခေါင်သူရိန် နှင့် အရာရှိ/တပ်သား ၅၀၀ ကျော်၊ အမြောက် အလက် ၃၅ လက် အပါအဝင် လက်နက်မျိုးစုံဖြင့် ကြံ့ကြံခံကာ ခုခံတိုက်ခိုက်ခဲ့ကြပါသည်။
မင်းလှခံတပ်သည် ဧရာ၀တီမြစ်အတိုင်း လာရောက်လည်ပတ်သော ပြည်ပခရီးသွားများအတွက် အထင်ကရ လည်ပတ်စရာ တစ်ခုပါ။ ဒါကြောင့် ပြည်တွင်းခရီးသွားများလည်း ရွှေစက်တော်ဘုရားဖူး သွားဖြစ်ပါက ဝင်ရောက် လည်ပတ်သင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

ခံတပ်ကြီးလမ်း

မင်းလှခံတပ် အဝင်ဆိုင်းဘုတ်

မင်းလှခံတပ်

မင်းလှခံတပ် အတွင်းပိုင်းအခန်းများ

မင်းလှခံတပ်မှ ဧရာ၀တီမြစ်ကို မြင်ရပုံ

မင်းလှခံတပ်အရှေ့ပိုင်း မြစ်ရေတိုက်စားပြီး ပြိုကျထားပုံ

မင်းလှခံတပ် အပေါ်ထပ်ဆိုင်းဘုတ်ဖြင့် အမှတ်တရ

မကွေးတိုင်း၏ တိမ်‌မြုပ်နေသော ခရီးစဉ် တစ်ခု

ကွေ့ချောင်းခံတပ်

ဧရာ၀တီမြစ်၏ အရှေ့ဘက် ဓါးလွယ်ခုတ် အနေအထား တွင် မင်းလှခံတပ်နှင့် အတူ တည်ဆောက်ခဲ့သော နာမည်ကြီး ကွေ့ချောင်းခံတပ်ရှိပါသည်။ ဂွေးချောင်းရွာ အနီးတွင် တည်ရှိသောကြောင့် ဂွေးချောင်း ခံတပ်ဟုလည်း ခေါ်ဆိုပါသည်။ ဧရာ၀တီမြစ် အရှေ့ဘက်ကမ်းရှိ တောင်ကုန်း တစ်ခုကိုထွင်း၍ မြေအောက်ခံတပ် အဖြစ် တည်ဆောက် ထားခြင်းကြောင့် မြစ်အတွင်းမှ ခံတပ်ကို အလွယ်တကူ မမြင်နိုင်ပါ။ မင်းလှ ခံတပ်ထက် ပို၍ကြီးမား ခေတ်မီသော်လည်း လမ်းမကောင်းခြင်း၊ အလွယ်တကူ မသွားရောက်နိုင်ခြင်းများကြောင့် လူသိနည်း၊ လည်ပတ်သူ နည်းပါသည်။ မကွေးတိုင်း၏ တိမ်‌မြုပ်နေသော ခရီးစဉ်တစ်ခုပါ။ ဧရာ၀တီမြစ်ကူးတံတား(မလွန်) ကို ၂၀၁၃ ခုနှစ် မေလတွင်ဖွင့်လှစ်ခဲ့သဖြင့် ယခုအခါ အရှေ့ဘက်ကမ်းရှိ ကွေးချောင်းခံတပ်သို့ မင်းလှခံတပ်မှကားဖြင့် တစ်ဆက် တည်း သွားရောက် လည်ပတ်နိုင်ပါသည်။ အချောင်ကြံစည်ခံမြို့တည်ဟု မှတ်သားခဲ့သဖြင့် ကွေ့ချောင်းခံတပ်ကို သက္ကရာဇ် ၁၂၂၃ ( ခရစ်နှစ် ၁၈၆၀ ) ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ မင်းလှခံတပ်ကို တည်ဆောက်ခဲ့သော အင်ဂျင်နီယာများကပင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ကွေ့ချောင်းခံတပ်အတွင်ပိုင်း(အလယ်ထပ်)

အလယ်ထပ်မှ မြေပြင်ပေါ်အတက်လမ်း

အလယ်ထပ် ဘယ်ညာ နှစ်ဖက် ဆက်ထားသော ဥမင်

ကွေ့ချောင်းခံတပ် ဆိုင်းဘုတ်ဖြင့် အမှတ်တရ

ခံတပ်အပေါ်ဆုံးအထပ်

ခံတပ်အပေါ်ဆုံးအထပ်

ခံတပ်အပေါ်ဆုံးအထပ်

ခံတပ်အပေါ်ဆုံးအထပ်

ခံတပ်မှ ဧရာ၀တီမြစ်မြင်ကွင်း

ကွေ့ချောင်းခံတပ်ကို ဘယ်လိုသွားမလဲ
ကွေ့ချောင်းခံတပ်ကို သွားမယ်ဆို ဧရာ၀တီမြစ်ကူးတံတား(မလွန်) ကိုကျော်ပြီး ဘယ်ဘက်သို့ ၃ မိုင်ခန့် သွားလိုက်ပါက ပဌနဂိုရ် ရွာသို့ရောက်ပါမည်။ ထို့နောက် ပဌနဂိုရ်ရွာရှေ့ရှိ မြန်မာ့ရေနံဝင်း ဒုတိယဝင်ပေါက်မှ ပဌနဂိုရ်ရွာနှင့် တောင်တွင်းကြီး – မကွေး ကားလမ်းပေါ်ကို ဆက်သွယ်ထားသော လမ်းအတိုင်း ၃ မိုင်ခွဲ ခန့် ဝင်ရောက်သွားပါက ကွေ့ချောင်းခံတပ် လမ်းခွဲသို့ ရောက်ပါမည်။ ထိုလမ်းခွဲမှ ၁ မိုင် ၂ ဖာလုံ ခန့် ဆက်သွားပါက ကွေ့ချောင်း ခံတပ်ကိုရောက်ပါပြီ။ ပဌနဂိုရ်ရွာမှ ကွေ့ချောင်းခံတပ်ထိ လမ်းမှာ ဂဝံလမ်းဖြစ်ပါသည်။ မြန်မာ့သမိုင်းကို စိတ်ဝင်စားကြသူတိုင်း သွားရောက်လေ့လာသင့်ကြပါသည်။

ဧရာ၀တီတံတား (မလွန်)

ပဌနဂိုရ်ရွာရှေ့ရှိ တောင်တွင်းကြီးလမ်းနှင့်ဆက်ထားသောလမ်း

သည် ဂိတ်က နေ ဝင်ရမှာပါ

မကွေး-တောင်တွင်းကြီး ဆက်လမ်းမှ ကွေ့ချောင်းခံတပ်ဘက်သို့ လမ်းခွဲ

ကွေ့ချောင်းသို့

ဒဏ္ဍာရီပုံပြင်များ နှင့် ပျူမြို့ဟောင်း

ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

ကွေ့ချောင်းခံတပ်ကနေပြန်တော့ ပဌနဂိုရ် ရွာဘက်ကပဲပြန်ထွက်လာပြီး တောင်တွင်းကြီးဘက် ဆက်ထွက် လာခဲ့ပါတယ်။ လမ်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ဗိဿနိုး ပျူမြို့ဟောင်းကို ဝင်ရောက်လည်ပတ်ခဲ့ပါတယ်။ ပန်ထွာဘုရင်မ ၊အတုလ စည်တော် ၊ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ အသီးမသီး မကြီးထွားသောပေပင်များ၊ အင်ကြင်းပင်မရှိသော် လည်း အင်ကြင်းပွင့်များတွေ့နေရတတ်‌ သည့် ဒာရီ ဆန်ဆန် များဖြင့် ထင်ရှားသော နေရာတစ်ခုဖြစ်ပါသည်။
အချိန်လည်းသိပ်မရတာနဲ့ ဗိဿနိုး ပျူမြို့ဟောင်းမှာ မဖြစ်မနေလည်ပတ်သင့်တဲ့
၁။ ပြတိုက်၊
၂။ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၊စေတီ၊ ဘုန်းကြီးကျောင်း အစုအဝေး နေရာ
၃။ ပန်ထွာဘုရင်မတည်ထားကိုးကွယ်ခဲ့တဲ့ ရွှေရောင်တော်စေတီ များကိုပဲ လည်ပတ်ခဲ့ပါသည်။
ဗိဿနိုးမြို့ဟောင်း သည် စိတ်ဝင်စားစရာ ဒာရီပုံပြင်များ ရှိနေခြင်းတို့အပြင် တူးဖော်ရရှိသော အထောက်အထားများ၊ ကြွင်းကျန်ရစ်ခဲ့သော မြို့အင်္ဂါရပ်များ၊ သိပံနည်းကျ Carbon Dating ဖြင့် လေ့လာချက်များ အရ ဘီစီ (၁၉၀) မှ အေဒီ ( ၅) ရာစု အတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သော ပျူရှေးဟောင်းမြို့ဖြစ်ခြင်းကြောင့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ ပျူယဉ်ကျေးမှု အမွေအနှစ်များအား သွားရောက်လေ့လာသင့်လှပါသည်။ (တနင်္လာနေ့တိုင်းနှင့် အစိုးရရုံးပိတ်ရက် များတွင် ပြတိုက်ပိတ်ပါသည်။)

ဗိဿနိုရှေးဟောင်းယဉ်ကျေးမှုပြတိုက်

ပျူခေတ်ယဉ်ကျေးမှု၏ ထင်ရှားသော ဓလေ့ထုံးတမ်းစဉ်လာ

လမ်းညွှန်ဆိုင်းဘုတ်များကြည့်၍ သွားနိုင်ပါသည်

ဘာသာရေးဆိုင်ရာ အဆောက်အဦ၊ စေတီ နှင့် ဘုန်းတော်ကြီးကျောင်း

စေတီ

ဘာသာရေးဆိုင်ရာ အဆောက်အဦ

ဘုန်းတော်ကြီးကျောင်း

စေတီ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ နှင့် ဘုန်တော်ကြီးကျောင်း

ပန်ထွာ ဘုရင်မ တည်ထားခဲ့သော ရွှေရောင်တော် စေတီ။ (ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှု များကြောင့် မူရင်း ဗိသုကာ မတွေ့ရတော့ပါ။)

ဘိုးဘိုးအောင်၏မွေးရပ် အောင်မြေ

ဘိုးဘိုးအောင်၏မွေးရပ်မြေဆိုင်းဘုတ်

ဗိဿနိုးက ညနေ ၄ နာရီခွဲ မှ စထွက်ပါသည်။ ၅ မိနစ်ခန့်အကြာတွင် ပထမံဘိုးဘိုးအောင်၏ မွေးရပ် အောင်မြေ လက်ပံရည်ရွာလမ်းခွဲကို ရောက်ပါသည်။ ပြည်ထိခရီးဆက်ရမှာမလို့ လမ်းပေါ်ကပဲ မှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ရပါသည်။ နောက်အချိန်ရမှ ဝင်ရောက်လည်ပတ်ပါဦးမည်။

အောင်လံက နှစ် ၄၀ ကျော်သက်တမ်းရှိထမင်းဆိုင်
ဗိဿနိုးမြို့ဟောင်းကနေ ပြည်ကို သွားရာတွင် တောင်တွင်းကြီး-ပြည် လမ်းအတိုင်းသွားခဲ့ပါသည်။ သစ်ရာကောက် – ကိုးပင် ဖြတ်လမ်းကနေသွားမည်ဆိုပါက ကားလမ်းရှင်းပြီး လမ်းဖြောင့်သဖြင့် အချိန် ၄၅ မိနစ်ခန့် သက်သာပါသည်။ ညနေစောင်းဖြစ်နေတာကြောင့် လူမပြတ်တဲ့လမ်းကို ပဲ ရွေးချယ်ခဲ့တာပါ။ အောင်လံကို ည ( ရ ) နာရီလောက်မှ ရောက်ပါသည်။ ပြည်ကို (၁) နာရီခွဲ လောက်ထပ်မောင်းရဦးမှာမလို့ အောင်လံက ယုဇန ထမင်း ဆိုင်မှာပဲ ညစာစားလိုက်ကြပါတယ်။ အောင်လံ-ပြည်လမ်းကနေ အတွင်းကို တစ်လမ်းဝင်ရပါသည်။ အောင်လံမှာ မသိသူမရှိပါဘူး။ မိဘများ၏ လက်ငုတ်လက်ရင်း မြန်မာထမင်းဆိုင်ကို ဆက်လက်လုပ်ကိုင်လာခြင်းဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိပြီ ဖြစ်ကြောင်း ပိုင်ရှင် ဒေါ်တင်တင်မှ ရှင်းပြပါသည်။ Take away စနစ် နှင့်လည်း အတော်ရောင်းရပြီး တစ်နေ့စာ တစ်နေ့ ကုန်အောင်ရောင်းရခြင်းကြောင့် ဟင်းကျန်မရှိပါ။ ဟင်းကျန်မရှိအောင် စနစ်တကျ တွက်ချက်ရောင်းချနိုင်ခြင်းသည်ပင်လျှင် ယုဇန ထမင်းဆိုင်၏ အမှတ်တံဆိပ်ပါ။ စျေးလည်းသင့်ပါသည်။ ဟင်းလျာများက လတ်ဆတ်လို့ တစ်မိသားစုလုံး ဗိုက်တင်းအောင်စားကြပါသည်။

တောင်တွင်းကြီး-ပြည်လမ်း

အောင်လံမြို့က ယုဇန ထမင်းဆိုင်

ပြည်မြို့က နောင်ရိုးမိုတယ်သို့
အောင်လံက ပြန်ထွက်တော့ ည ၈ နာရီးထိုးခါနီပြီဖြစ်ပါသည်။ ပြည်မြို့သည်လည်း ရှေးဟောင်း မြို့တော် ဖြစ်ပြီး လည်ပတ်စရာပေါ်များတာကြောင့် ရွှေစက်တော် မှာကတည်းက ပြည်မြို့ရှိ ဝန်ဆောင်မှု ကောင်းပြီး စျေးအသင့်ဆုံး ဟိုတယ်/မိုတယ် အားလုံးကို သေချာ လေ့လာပြီး နောင်ရိုးမိုတယ် ကို (၂) ညအိပ် ဘိုကင် ကြိုလုပ်ထားပါတယ်။ စျေးနှုန်းကတော့ မိသားစုအခန်းကို နံနက်စာအပါ ၂၅၀၀၀ ကျပ်ပါ။ Trip Advisor မှာလည်း တည်းခိုခန်း/ မိုတယ် များမှာ နံပါတ် ၁ ဆိုတော့ ဝန်ဆောင်မှုက စိတ်ချရတယ်လေ။ နောင်ရိုးမိုတယ်ရောက်တော့ ည ၉ နာရီ ခွဲနေပါပြီ။

ဆက်လက်ဖော်ပြပါမည်-